လောကမှာ လူလေးမျိုး ရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ မိမိက ဘယ်အမျိုးအစားထဲမှာ
ပါသလဲဆိုတာ ဝေဖန်ဆန်းစစ်နိုင်ပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကိုရောက်လာခဲ့ရင်ပဲ
မွေးကတည်းက ငိုသံနဲ့စပြီး အဆုံးသေပြန်တော့လည်း ငိုသံတွေနဲ့သာ
အဆုံးသတ်ကြရတယ်။ ဆပ်မကုန်နိုင်တဲ့ ၀ဋ်ကြွေးများ မဆုံးနိုင်တဲ့ ဒုက္ခများကို
ပေးဆပ်ရင်း နာရီလက်တံလို တစ်နေကုန်လည်ပတ်ရင်း သွားလာလှုပ်ရှား
ရုန်းကန်နေကြရပါတယ်။ သံသရာ ၀ဲဂယက်မှ မရုန်းထွက်နိုင်သမျှ ကာလပတ်လုံး
မပြည့်စုံမှု အလိုမကျ မှုများနှင့်သာ အချိန်ကုန်ရင်း နောက်ဆုံး ကွယ်လွန်အနိစ္စ
ရောက်ကြရပါတယ်။ လူလေးမျိုး ရှိကြရာ ၀ယ်
( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ်
( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ်
( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ်
( ၄ ) အလင်းကလာပြီး အလင်းကိုပြန်သွားတယ် … ဟူ၍ဖြစ်ကြပါတယ်။
နံပါတ်တစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့
ဘာကောင်းမှုမှ မလုပ်ဘဲ အကုသိုလ်များသာ ဆက်လုပ်ရင်းအချိန်တွေကုန်
ကွယ်လွန်ခါကြတော့ အမှောင်ထဲကိုပဲ ပြန်သွားကြသောလူမျိုးဖြစ်ပါတယ်။
အကုသိုလ်အမှောင်ထဲလာပြီး ဆင်းရဲသောဘ၀မှာရောက်နေတာတောင် အမှောင်ကိုပဲ
တွယ်ကပ်ပြီး အကုသိုလ်များထပ်ပွားနေမယ်ဆိုရင်ဖြင့် လားရာက ငရဲ
သို့ပဲဖြစ်ပါတယ်။
နံပါတ်နှစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့ ကောင်းမှု
ကုသိုလ်များပြုလုပ်ရင်း အချိန်တွေကုန်သွားတော့ ကွယ်လွန်သောအခါ အလင်းဆိုသော
ကောင်းရာဘုံဘ၀များသို့ ရောက်ကြရပါတယ်။ မိမိအရင်ဘ၀ကမကောင်းခဲ့လို့ဒီဘ၀မှာဆင်းရဲနေတာကို သံဝေဂရပြီးနောက် ကောင်းမှုကုသိုလ်များ ပြုလုပ်သောသူသည်
အမှောင်ကနေလာပြီး အလင်းကိုသွားသူများဖြစ်ပါသည်။
နံပါတ်သုံးကတော့ အရင်ဘ၀က ကောင်းမှုကုသိုလ်များကြောင့် ဒီဘ၀ အပူအပင်မရှိပဲ
နေနိုင်ပြီး ကြွယ်ဝချမ်းသာ လာကြသော လူတန်းစားများသည် စည်းစိမ်ရစ်မူးနေပြီး
ကောင်မှုကုသိုလ်ပြုလုပ်ဖို့ကို မေ့နေမယ်ဆိုရင်တော့ အလင်းကနေလာပြီး
အမှောင်ကိုပြန်သွားသောသူများကိုဆိုလိုခြင်းဖြစ်သည်။ စည်းစိမ်ချမ်သာတာကို
သောက်မယ်စားမယ် ပျော်မယ်ပါးမယ် ကိလေသာကာမဂုဏ်ထဲမှာပဲ
ပျော်မွေ့နေမယ်ဆိုရင်တော့ ကွယ်လွန်သွားသော် အပါယ်လေးဘုံသို့ ကြွမြန်းရမှာ
ဖြစ်ပါတယ်။
နံပါတ်လေးလူမျိုးကတော့ အရင်ဘ၀ကကောင်းမှုကုသိုလ်တို့ကြောင့် ဒီဘ၀မှာ
ချမ်းချမ်းသာသာ နဲ့နေထိုင်ပြီး ကောင်းမှုကုသိုလ်များလည်း အရင်ကထက်
ပြုလုပ်သောသူများကိုဆိုလိုသည်။ ရှိတာလေးကို လှူလိုက်ရင် လျော့သွားမယ်
ကုန်သွားမယ်ဆိုတဲ့ လောဘစိတ်ကို ချေဖြတ်ပြီး လှူဒါန်းသူများသည်
ကွယ်လွန်ပြီးသော် ယခုဘ၀ထက်ကောင်းသော ဘုံဘ၀သို့သာ ကြွလှမ်းစံမြန်းကြရမည်။
No comments:
Post a Comment